ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မောက်မယ်မြို့နယ် ခူးဝိန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှု စစ်ဆေး

Date : 25 March 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ခူးဝိန်းကျေးရွာ၌ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မောက်မယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းနှင့် တာဝန်ရှိသူများက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ခူးဝိန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် အကျိုးရှိစွာအသုံးပြုကြရန် ဆွေးနွေးပြောကြားသည်။ မောက်မယ်မြို့နယ် ခူးဝိန်းကျေးရွာ၌ လမ်းအရှည်ပေ (၁၀၀၀) အကျယ်(၉ပေ)နှင့် အမြင့် (၆ လက်မ)ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ် (၁၅)သန်း နှင့် ပြည်သူထည့်ဝင်ငွေကျပ် (၂.၄)သန်းအသုံးပြု၍ မောက်မယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၏ နည်းပညာပံ့ပိုးမှု ၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/သားများကိုယ်တိုင်း ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ စတုတ္ထအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်သဖြင့် ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစွာ သွားလာအသုံးပြုလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းမှ ပြောပြ၍ သိရသည်။

 

မင်းမြင့်မိုရ်